သားဥအိမ်မှာ ရေအိတ်တည်နေရင် ဘာတွေ ခံစားရမလဲ
အမျိုးသမီးတွေမှာ မဖြစ်မနေ ကျန်းမာရေး ဂရုစိုက်ရမယ့် အစိတ်အပိုင်းလေး ရှိပါတယ်။ ဒါကတော့ မမျိုးပွား အင်္ဂါစနစ်ပါ။ မမျိုးပွားအင်္ဂါမှာ ရေအိတ်တည်တာ၊ အသားလုံးတည်တာကစလို့ အဆိုးဆုံးအနေနဲ့ ကင်ဆာအထိ ခံစားရနိုင်ပါတယ်။ ဒီတစ်ခါတော့ အမျိုးသမီးအများစုမှာ ဖြစ်လေ့ရှိတဲ့ မီးယပ်ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်တဲ့ သားဥအိမ်မှာ ရေအိတ်တည်နေရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။
သားဥအိမ် ရေအိတ်တည်ခြင်း (PCOS)
သားဥအိမ် ရေအိတ်တည်ခြင်း (PCOS) ဆိုတာက အမျိုးသမီးတွေရဲ့ ကိုယ်တွက်းက ဟော်မုန်းပမာဏအပေါ်မှာ သက်ရောက်နေတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။
PCOS ခံစားနေရတဲ့ အမျိုးသမီးတွေမှာ ကျားဟော်မုန်း ပုံထက် ပိုမို ထွက်ရှိနေတတ်ပြီး ဒီလို ဟော်မုန်း မမျှတမှုကပဲ ခန္ဓာကိုယ်မှာ ရာသီသွေးထိန်တာကို ဖြစ်စေပြီး ကလေးရရှိဖို့ ခက်ခဲစေတာပါ။
PCOS က မျက်နှာ နဲ့ ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ ထူထူထဲထဲ ပေါက်စေနိုင်သလို ဆံပင်ပါးတာမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။ ရေရှည်မှာ ဆီးချိုနဲ့ နှလုံးရောဂါလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
PCOS က ဟော်မုန်း ဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ရပ်ဖြစ်ပြီး ကိုယ်ဝန်ဆောင်နိုင်တဲ့ အသက်အပိုင်းအခြား အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ PCOS ခံစားနေရတဲ့ အမျိုးသမီး အများစုက သူတို့မှာ ဒီကျန်းမာရေးကိစ္စ ခံစားနေရတယ်ဆိုတာကိုတောင် လုံးဝ သတိမထားမိတာမျိုး ရှိပါတယ်။ လေ့လာမှုအရတော့ ၇၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ သူတို့မှာ ဒီကျန်းမာရေးပြဿနာ ရှိနေတာကို လုံးဝ မသိကြပါဘူး။
PCOS က ရာသီစက်ဝန်းကို ထိန်းညှိပေးတဲ့ estrogen နဲ့ progesterone ဟော်မုန်းတွေကို ထုတ်လုပ်ပေးတဲ့ မျိုးပွားအင်္ဂါ အစိတ်အပိုင်းဖြစ်တဲ့ အမျိုးသမီးတွေရဲ့ မျိုးဥအိမ်တွေကို ထိခိုက်စေပါတယ်။ မျိုးဥအိမ်တွေက အဆိုပါဟော်မုန်းတွေအပြင် androgens လို့ခေါ်တဲ့ ကျားဟော်မုန်း အနည်းငယ်ကိုလည်း ထုတ်လွှတ်ပေးပါတယ်။
PCOS ခံစားနေရတဲ့ အမျိုးသမီးတွေမှာ ကျားဟော်မုန်း များနေတာကြောင့် ရာသီစက်ဝန်းကို ထိခိုက်စေပြီး ရာသီသွေးမမှန်တာမျိုး ခံစားရစေနိုင်ပါတယ်။
သားဥအိမ်မှာ ရေအိတ်တည်ခြင်း ဘာကြောင့်ဖြစ်ရတာလဲ?
သားဥအိမ်မှာ ရေအိတ်တည်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိနိုင်ပေမယ့် ဖြစ်နိုင်ခြေ များတာကတော့ ကျားဟော်မုန်း များတာပါ။ အခြား အချက်တွေအနေနဲ့ကတော့ မျိုးရိုးရှိတာ၊ အင်ဆူလင် တုံ့ပြန်နိုင်စွမ်း နည်းနေတာ၊ ရောင်ရမ်းမှုတွေ ရှိတာတွေကြောင့်လို့ ဆိုပါတယ်။
သားဥအိမ်မှာ ရေအိတ်တည်နေရင် ဘာတွေ ခံစားရမလဲ?
သားဥအိမ်မှာ ရေအိတ်တည်နေမယ်ဆိုရင် အမျိုးသမီး အများစုမှာတော့ သူတို့ရဲ့ ပထမဆုံး ရာသီသွေးပေါ်ချိန်မှာတင် သိနိုင်ပါတယ်။ ကိုယ်အလေးချိန် အရမ်းများကြသလို ကလေးရဖို့ ခက်ကြပါတယ်။
တွေ့ရများတဲ့ လက္ခဏာတွေ အနေနဲ့ကတော့
ရာသီသွေး မမှန်တာ - တစ်နှစ်တာမှာ ရာသီသွေး ၈ ကြိမ်လောက်ပဲ ဆင်းတာမျိုးပါ။ ဒီထက် နည်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
သွေးဆင်းများတာ - ပုံမှန် ရာသီမလာတာကြောင့် သားအိမ်နံရံတွေမှာ အချိန်ကြာမြင့်စွာ စုစည်းမိနေတဲ့ အလွှာတွေက ရာသီသွေးပေါ်ချိန်မှ ဆင်းရတာကြောင့် သွေးဆင်းတဲ့အခါ ပုံမှန်ထက် အများကြီး ဆင်းနေတာမျိုး ဖြစ်နိုင်ပါတယ်။
အမွေးအမျှင်တွေ ထွက်လာတာ - ဒီကျန်းမာရေးပြဿနာကို ခံစားနေရတဲ့ အမျိုးသမီး ၇၀ ရာခိုင်နှုန်းကျော်မှာ မျက်နှာ၊ ဗိုက်၊ ရင်သား နဲ့ ကျောပြင်အပါအဝင် ခန္ဓာကိုယ်အနှံမှာ အမွေးအမျှင်တွေ ထွက်လာတာမျိုး ခံစားရနိုင်ပါတယ်။
ဝက်ခြံ ထွက်တာ - ကျားဟော်မုန်းတွေက အရေပြားကို အဆီပြန်စေပြီး မျက်နှာ၊ နောက်ကျောတွေမှာ ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။
ဝိတ်တက်မယ် - PCOS ရှိတဲ့ အမျိုးသမီး ၈၀ ရာခိုင်နှုန်းလောက်ဟာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဆံပင်ပါးမယ်။ ဆံပင်ကျွတ်မယ် - ဆံပင်ကျွတ်တာ၊ ပါးတာတွေကို ခံစားရနိုင်ပါတယ်။
အသားတွေ ညစ်မယ် - အရေပြားမှာ အမဲကွက်တွေ ဖြစ်နိုင်ပါတယ်။ လည်ဂုတ်တွေ၊ ပေါင်ခြံ နဲ့ ရင်သားအောက်ဘက်တွေ မှာပါ။
ခေါင်းကိုက်မယ် - ဟော်မုန်း ပြောင်းလဲမှုတွေက အချို့သော အမျိုးသမီးတွေမှာ ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။
ရေးသားသူ - မွန်မွန်